လေညှာက အနေသာပေမဲ့ တပြည်တရွာက မသေမချာ မရေမရာ ဖြစ်နေကြပုံ တွေကိုတော့ဖြင့် ဘာဘာ ဘိုးဘိုးက သာသာ ထိုးထိုးလေး တင်ပြလိုက် ပါရစေ။
မုတ်သုန်လေ မြောက်ပြန်လေလို ရာသီအလိုက် တိုက်ခတ်တတ်ကြတဲ့ လေမျိုးတွေလို ခုတမျိုး တော်ကြာတမျိုး အမျိုးမျိုးအဖုံဖုံ စုံလင်စွာဖြင့် နွေလေရူးလို ပွေချင်တိုင်းပွေ လိုက်လျှောက် လုပ်နေကြတဲ့ ပြည်ပရောက် နိုင်ငံရေးအဖွဲ့စည်း အသီးသီးနဲ့ ဦးဆောင်ဦးရွက်ပြုသူ အများစုဟာ အာဏာရူး စစ် အစိုးရ ရဲ့ ပြောင်းလဲတဲ့ မူဝါဒ လမ်းစဉ်နဲ့ လုပ်ရပ်တွေအပေါ် ကြည့်ပြီး နောက်တော်ပါးက တဖဝါးမခွာ လိုက်လျှောက် လုပ်နေကြတာကို တွေ့မြင်နေကြရမှာ ဖြစ်ပါတယ်။
ပြည်ပ အတိုက်အခံ အဖွဲ့အစည်းတွေ အနေနဲ့ တီထွင်ကြံဆပြီး စစ်အစိုးရ အပေါ်လက်ဦးမှု ရအောင် ဦးဆောင်၍ တိုက်ခိုက်တာမျိုး ထိုးစစ်ဆင် လှုပ်ရှားတာမျိုး ကိုတော့ဖြင့် တခါသားမှ လုံးဝဥဿုံ မတွေ့ရ သလောက်ပါပဲ။ ဒီကြားထဲ ဆုတ်ကပ်ကို ရောက်လာနေပြီဖြစ်တဲ့ ကမ္ဘြာကီးရဲ့ သဘာဝ ဘေးအန္တရာယ် တွေကိုပါ ရင်ဆိုင် ကြုံတွေ့ နေရလေတော့ ကျွန်ုပ်တို့ ပြည်သူတွေခမျာ အလွန့်အလွန်ကိုပဲ ခေတ်နောက်ကျ ကျန်ရစ်နေခဲ့ပါပြီ၊ စာရေးဆရာမ ဂျူးလေသံနဲ့ ပြောရယင် ရာဇဝင်ထဲ မှာ မြန်မာ ကို ထားရစ်ခဲ့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ အခုလို ခေတ်မှီတိုးတက်လှတဲ့ အိုင်တီနည်းပညာ ခေတ်ကြီးထဲမှာ အမြဲတမ်း နောက်ဆုံး က လိုက် နေကြရတဲ့ ကျွန်ုပ်တို့ ဗမာပြည်သူတွေ အနေ နဲ့ကတော့ ဒီ့ထက်ပိုပြီး ခေတ်နောက်ကျ စရာမရှိတော့ဘူး ဖြစ်လို့ အချို့က ဆိုယင် နောက်ကျခြင်းများမှာ တို့များနှယ် ခေါက်ရိုးများကို ကျိုးလို့၊ တချို့များ မတော့ မ.ဆ.လ လို့ခေါ်တဲ့ မြန်မာ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ရဲ့ မူအရ မလုပ်၊ မရှုတ်၊ မပြုတ် ဆိုတာလိုမျိုး မူကို မသိမသာ ကိုင်စွဲလို့ ဘာမှဝင်ရောက် ဆောင်ရွက်ခြင်း လုပ်ဆောင်ခြင်း မပြုကြပဲ နေနေတော့ ပြုတ်စရာ အကြောင်း မရှိ အန္တရာယ်လဲ ကင်း ဘေးရှင်း နေနိုင်ကြပေလိမ့် မပေါ့။ အဲဒီလို ပါးစပ်က ဒီမို၊ အတွင်းက မသိစိတ် သင်းကွပ်ခြင်း ခံရတဲ့ ခေါင်းဆောင်တွေ ရဲ့ နောက်ကို လိုက်နေကြမယ် ဆိုရင်တော့ဖြင့် “ထူးမခြားနား” ပတ်ပျိုးလိုပဲ ဘယ်လိုမှ နလံပြန်ထူ လာနိုင်စရာအကြာင်း မရှိတော့ပါဘူး။ ဘိုးဘိုးတို့ အရွယ်ကလဲ တော်လှန်ရေး ကောင်စီမတက်မီ အချိန် ကတည်းကတာ မွေးဖွားကြီးပြင်း လာတာ မြန်မာ့နိုင်ငံ ရေးရာတွေကို ပက်ပက်စက်စက် လုံးစေ့ပတ်စေ့ မသိခဲ့သော်ငြားလည်း ယနေ့ဖြစ်ပျက်မှု ရပ်တည်မှု အခြေအနေတွေကို လေ့လာ သုံးသပ်ကြည့်ခြင်း အားဖြင့် အတော်လေးတော့ တီးခေါက်မိပါတယ်၊ မြင်နိုင် ပြောနိုင်ပါတယ်။ ခက်တာက လူသားအားလုံးဟာ မှန်တာကို ကြိုက်ကြတယ် လက္ခံချင်ကြတဲ့ သူတွေချည်း ပါပဲ။ ဒါပေမဲ့ ထူးခြားတာက မှန်တာကို ဒုတ်ထိုးအိုးပေါက် ဒဲ့ပြောရင် ဒဲ့ရေးရင်တော့ ဘယ်သူမှ သိပ်ပြီး မကြိုက်ချင်ကြတော့တာ ကိုက လောကဓမ္မတာ တခုလို ဖြစ်နေပြန်တယ်။ ( ဒီလို ပြောတော့ ... အမောင်မင်း လွန်ရာကျမယ် မဟုတ်ပါလား? ) ၁၉၈၈ ခုနှစ် နောက်ပိုင်းမှသည် ယခုဆိုလျှင် နှစ်ပေါင်း (၂ဝ)ကျော် ခရီးမှာ ထူးထူးခြားခြား ပြောင်းလဲ တိုးတက်လာခဲ့တဲ့ နိုင်ငံရေး အပြောင်းအလဲရယ်လို့ ဘာမှ မယ်မယ်ရရ မရှိခဲ့ မတွေ့ခဲ့ ရသေးသလို အောင်မြင်မှု လမ်းစကိုပင် ဂူးဂဲယ် အပ်( Google Earth ) နှင့်ပင် ရှာဖွေမတွေ့ရ G.P.S ( Global Position System ) ပါ ထပ်ဆောင်း၍ ရှာရမလို ဖြစ်နေချေသည်။ အနောက်နိုင်ငံများ တိုးတက် ပြောင်းလဲရခြင်းသည် နည်းလမ်းသစ် များကိုရှာဖွေခြင်း၊ လေ့လာသုံးသပ်ခြင်း လက်တွေ့ကျကျ အကောင်ထည်ဖေါ် ဆောင်ရွက်စေခြင်း တို့ကြောင့်သာ တိုးတက်မှုနှုန်း မြန်ဆန်သည်ဟု ယူဆကြပေသည်၊ သတ်မှတ်ရပေမည်။ ကျွန်ုပ်တို့ မြန်မာတွေက သည်လို မဟုတ်ချေ၊ ကိုယ်တိုင်လည်း မတီထွင် မကြံဆချင်ကြ ၊ သူများက တီထွင်ကြံဆမည် ဆိုရင်လည်း ဝိုင်းဝန်း ပံ့ပိုးအားပေး ကူညီခြင်း အလျဉ်းမရှိ၊ အပျက်သဘောကို ဆောင်ကာ ကန့်ကွက်ကြ ၊ရှုတ်ချကြ၊ ဖျက်မျဉ်းများက များနေ၍ ဖြစ်မည် ထင်သည်။ နိုင်ငံရေး သမားဟောင်းကြီးများ ကလဲ အလွန့်အလွန်ပင် အတွေးအခေါ် ကြံဆမှုအပိုင်း အားနည်း နေသည်လော? (သို့တည်း မဟုတ်) တွေးလွန်း၍ ခေါ်မရတဲ့ အတွေးအခေါ်တွေနဲ့ တွေဝေ နေကြသည်လော? ဟု စဉ်းစားစရာ ဖြစ်လာပါတော့သည်။ နိုင်ငံရေး အတွေးအခေါ်များကို ပြောင်းလဲလာသော ခေတ်ကာလနဲ့ အညီ ကိုက်ညီအောင် အခြေအနေအရ ပြောင်းလဲပစ်ရမည့် သဘောဆောင်သည်။ တော်လှန်ရေးကို သွေးနှင့် လုပ်ဆောင်ရမည်မှာ မှန်သော်လည်း ဒါကို နောက်ဆုံးအဆင့် ရောက်မှသာ လုပ်ဆောင် သင့်ပေသည်ဟု ယူဆမိသည်။ ပြည်ပရောက် နိုင်ငံရေး အဖွဲ့အစည်း များသည်လည်း ရွက်ကျပင်ပေါက် များပမာ ရောက်ရာ ကျရာ နေရာတိုင်းမှာပင် အပင်ပေါက် (အဖွဲ့တွေ ဖွဲ့) ထပ်တလဲလဲ ခွဲထွက် ဖွဲ့ကြသည်က လွဲလို့ တစုတဝေးတည်း ပေါင်းစည်းခြင်း၊ ဖွဲ့စည်း တည်ထောင်ခြင်း ဆိုတာမျိုးကိုတော့ဖြင့် ကြားရဖို့ ဝေလာဝေးစွ၊ စိတ်ကူးထဲပင် တွေးမိသည့်ပုံ မမြင်ပါ ။ ဒီကြားထဲ ဒီမိုကရေစီက ဘယ်နားနေသည် မသိသေး ဖက်ဒရယ် ပြည်ထောင်စု အရေးကို ဦးစားပေး ကြံရွယ်နေကြသူ များကလည်း တမှောင့်၊ ဒီမိုကရေစီ တိုင်းပြည်ရယ်လို့ ပေါ်ပေါက်လာကာမှ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံဆိုတာ ဖြစ်လာနိုင်မယ် ဆိုတာကိုမှ မသိကြလို့ဘဲလား မသိကျိုးကျွံ ပြုနေကြတာဘဲလား ဆိုတာကိုတော့ မိမိ ဖာသာ မိမိအသိဆုံးပင် ဖြစ်ချိမ့်မည်။ ပြည်ပရှိ ညွန့်ပေါင်းအစိုးရ အဖွဲ့အစည်းများ သည်ပင်လျှင် အချင်းချင်း စုစည်းမှုအား ပျက်ပြားလာကာ အမိန့်အာဏာ လူအင်အား မရှိသော ဝန်ကြီးများ ကိုယ်တိုင် မ.ဆ.လ အငွေ့အသက်များ မကုန်သေးကြောင်းကို အမိန့်အာဏာ မရှိသော အစိုးရအဖွဲ့တွင်း အာဏာလု ရွေးချယ်ပွဲ ဒက်ဘလင် နိုင်ငံတကာ မျက်နှာစာ၌ ပြုလုပ်ကြရင်း စိတ်လိုက်မာန်ပါ ရန်ပွဲတွေကိုပါ ဆင်နွဲနေကြသည်မှာ ကမ္ဘာ့အလည်တွင် မြန်မာ့သတ္တိကို တလွဲဆံပင်ကောင်း အရှက် အကြောက်ကင်းစွာ ဖေါ်ပြနေခြင်းသည် လွန်စွာမှပင် သတိ သံဝေဂ ရရှိသင့်ပေသည်။ အမိန့်အာဏာ မရရှိသော်ငြား မည်သည့် အကျိုးတရားများ ရရှိနေ၍ ဤသို့ပြုမူခဲ့ကြသည် ကိုတော့ဖြင့် ကာယကံရှင်များ သာလျှင် အသိဆုံးပင် ဖြစ်ပေလိမ့်မည်။ ဘိုးဘိုး အနေနဲ့တော့ တခြားသော ဘာသော ညာသောတွေကို မတွေးချင် မရေးချင် လိုတော့ပါပြီ။ ဆန္ဒပြ လှုပ်ရှားနေကြသူ အများစုမှာလည်း မိမိတို့ရဲ့ လိုအင်ဆန္ဒများ ပြည့်ဝစေရန်သာ ရည်ရွယ်ခြင်း၊ မိမိတို့ရဲ့ အားလပ်သော အချိန်အပိုင်း အခြားများတွင်သာ ပြုလုပ်နေကြခြင်း၊ တခါတရံ မိမိကိုယ်တိုင် ကပင် မည်သည့်အတွက် မည်သို့ လုပ်ဆောင်နေကြသည် ကိုပင် မသိကြသူက များနေပေသည်။ ဒီတော့ ဘာကို ရည်ရွယ်ပြီး ဘာတွေ ဖြစ်လာနိုင်မယ် ဆိုတာလဲ မသိ၊ ဘာမသိ ညာမသိနဲ့ပဲ နှစ်၊ လ၊ ရက်၊ အချိန်တို့ လွန်မြောက်၍ (၂၁)နှစ်ပင် ပြည့်တော့မည် ဖြစ်ပေသည်။ တခါတရံ မှာတော့ ခေါင်းဆောင်လုပ်သူတွေ တချို့ရယ်ကြောင့် နောက်လိုက်တွေမှာ ဘယ်နောက်ကို လိုက်ရမှန်း မသိ ဖြစ်နေကြရတာ ကိုလည်း စိတ်မကောင်းခြင်း များစွာဖြင့် တွေ့မြင် နေကြရသည်မှာလည်း လွန်စွာ စိတ်ထိခိုက် မိရပေသည်။ မိမိ တို့ခေါင်းဆောင်များရဲ့ လက်သုံး စကားအတိုင်း ( တူတာတွေ တွဲလုပ်ကြ ၊ မတူတာတွေ ခွဲလုပ်ကြမည် ) ဆိုသော ဆောင်ပုဒ်ကိုပင် မေ့လျှော့နေကြသည်လော ။ အခုတော့ တူတာတွေ ကိုပါ ခွဲထွက်၍ သူ့ထက်ငါ အလုအယက် လုပ်နေကြတာကို မြင်တွေ့ ကြားသိ နေရပြန်တော့ ဒီမိုကရေစီ အရေး တွေးမိပြန်တော့ ရင်လေး မိရပြန်သည်။ တခုတော့ရှိသည် ဦးဆောင်ပါတီ (N.L.D) ကိုတော့ အားလုံးက ဝိုင်းရံနေကြတာကိုပဲ ကျေးဇူးတင် ရပေအုန်းမည်။ “၈၈”ရဲ့ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေကို ပြန်လည် သုံးသပ် တင်ပြရမည် ဆိုလျှင် ဟိုတချိန်တုန်းက တောထဲမှာတုန်းက ဆိုတာမျိုးတွေကိုသာ ပြန်ပြောင်း ပြောဆိုကြတာက လွဲလို့ ရှေ့ရေးအတွက် ဘာကိုမှ မယ်မယ်ရရ ပြောဆို တင်ပြနိုင်ခြင်း ဆောင်ရွက်ခြင်း ဝေဖန်သုံးသပ် နိုင်ခြင်းများကို အလျဉ်းမရှိကြဘဲ နိုင်ငံတကာ လှည့်လည်ပြီး လိုအပ်တာများကို မှာစားပြီး အိပ်မက်တွေပေး ပြန်သွားကြတာ ကိုလည်း အားလုံး အသိအမြင် တခုတ်တရ ရှိနေကြသေးသည် မဟုတ်ပါလား။ ဒီတော့ အားလုံးကို ခြုံငုံသုံးသပ်ရပါမူ ဦးဆောင်ပါတီများ နဲ့ ၈၈ မျိုးဆက်သစ် ကျောင်းသားများ၊ အတိုက်အခံပါတီ အဖွဲ့အစည်း များသည်ပင် စစ်အစိုးရက ဖမ်းဆီးနှိပ်စက် ထောင်ချနေသည့် ကြားမှပင် အမျိုးမျိုးသော လှုပ်ရှားအံတုမှု အုံကြွမှုနဲ့ ထကြွမှုများကို အလျဉ်းသင့်သလို လှုပ်ရှား နေကြပါလျှက်နှင့် ပြည်ပရောက် ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေကြသော အဖွဲ့အစည်း အသီးသီးနှင့် အတိုက်အခံ ပါတီများ ပံ့ပိုးကူညီ ထောက်ပံ့နေကြသော အဖွဲ့အစည်းများအနေဖြင့် အမှန်တကယ်ပင် လှုပ်ရှားနိုင်သော လုပ်ဆောင်နိုင်သော ပြောင်းလဲမှု ပြုနိုင်ကြသော ပြည်တွင်းမှ ရဲဘော်မိတ်ဆွေများအား အမှန်ပင်လိုအပ်သော ငွေကြေး အကြံဥာဏ် အင်အားများ အဖြစ် ပံ့ပိုးနိုင်ကြစေရန် အထူးပင် အလေးထား ဆောင်ရွက်သင့်ပါကြောင်းကို သတိပြုမိစေရန် ရည်ရွယ်လျှက် ဘာဘာ ဘိုးဘိုး မှ သာသာ ထိုးထိုးလေး ရေးသား တင်ပြ လိုက်ရပါတော့သည်။





2 comments: on "သာသာ ထိုးထိုး ဘာဘာ ဘိုးဘိုး ရဲ့ စာချွန်လွှာ"
လာဖတ်ပါတယ် ကိုလင်းဦး
ခင်မင်လျက်
ဖတ်၊ မှတ် သွားပါတယ်။
ကျေးဇူးပါခင်ဗျာ။
Post a Comment